Uncategorized

ထန်တလန်တွင် မီးရှို့ခံရသည့် နေအိမ် ၅၅၀ ကျော်ရှိလာ

မြို့လုံးကျွတ်စစ်ရှောင်နေရသည့် ထန်တလန်တွင် သုံးလဝန်းကျင်အတွင်း ၁၂ ကြိမ်ထက်မနည်း မီးရှို့ခံရပြီး ဘာသာရေးအဆောက်အအုံနှင့် နေအိမ်ပေါင်း ၅၅၄လုံး မီးလောင်ပျက်စီးခဲ့ရသည်။

မြို့လုံးကျွတ်စစ်ရှောင်နေရသည့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့တွင် သုံးလဝန်းကျင်အတွင်း ၁၂ ကြိမ်ထက်မနည်း မီးရှို့ခံရမှုကြောင့် ဘာသာရေးအဆောက်အအုံနှင့် နေအိမ် ၅၅၄လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ထံမှ သိရသည်။

စစ်ကောင်စီက ဒေသတွင်းသို့ စစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်သည့်​ စက်တင်ဘာမှစ၍ ယနေ့ (ဒီဇင်ဘာ ၉) အထိ အိမ်ခြေ ၂၀၀၀ ခန့်ရှိသည့် ထန်တလန်မြို့၏ ၃၀ ရာခိုင်နှုန်းနီးပါး ထိုသို့ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်၌ ဇုန်မွှန်းရပ်ကွက်ရှိ နေအိမ် ၁၈ လုံး၊ ညနေ ၆ နာရီခွဲခန့်တွင် ဘုရားကျောင်းရပ်ကွက်၌ နေအိမ် ၅လုံး၊ စုစုပေါင်း ၂၃ လုံးကို စစ်ကောင်စီက မီးရှို့သည်ဟု CDF-ထန်တလန် ပြောခွင့်ရသူက ဆိုသည်။

ထန်တလန်မြို့ပေါ်၌ စစ်တပ်နှင့် CDF တို့ မွန်းလွဲ ၃ နာရီခန့် တိုက်ပွဲမဖြစ်မီတွင် ဇုန်မွှန်းရပ်ကွက် မီးရှို့ခံရခြင်းဖြစ်ပြီး တစ်နာရီခွဲခန့်ကြာ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း နှစ်ဖက်သေဆုံးမှုများရှိသော်လည်း လုံခြုံရေးအခြေအနေအရ လတ်တလော အတည်မပြုနိုင်သေးဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဘက်မှာလည်း အကျအဆုံးတော့ ရှိတာပေါ့နော်။ အလောင်းတောင် ယူလို့မရသေးတော့ အများကြီး‌တော့ ပြောလို့မရသေးဘူး” ဟု CDF-ထန်တလန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၉) မွန်းလွဲပိုင်းတွင် မီးလောင်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိဟု ၎င်းက ဆိုသည်။

ယမန်နေ့က ထန်တလန်တိုက်ပွဲတွင် CDF ဘက်မှ သုံးဦးကျဆုံးခဲ့သည်ဟု ဒေသအခြေစိုက် Chin World မီဒီယာက ယနေ့ သတင်းဖော်ပြသည်။

လူနေအိမ်မီးရှို့မှုမှာ ၎င်းတို့၏ လက်ချက်မဟုတ်ဟု အာဏာသိမ်းစစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။

သို့သော်လည်း နေအိမ် ၁၆၆ လုံး ဆုံးရှုံးခဲ့ရသည့်​ အောက်တိုဘာ ၂၉ ရက်ဖြစ်စဉ်တွင် မီးဘေးသင့်နေအိမ်များကို နောက်ခံထား၍ ရိုက်ကူးထားသည့် စစ်သားတစ်ဦး၏ ဓာတ်ပုံ Facebook တွင် ပျံ့နှံ့ခဲ့သည်။

ဒေသတွင်း တော်လှန်ရေးအဖွဲ့များ စုစည်းထားသည့် ချင်းတပ်ပေါင်းစု ခေါ် Chinlad Joint Defense Committee (CJDC) ၏ အဆိုအရ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ထန်တလန်မြို့ပေါ်၌ တိုက်ပွဲမဖြစ်သည့် နေ့များတွင်ပင် စစ်တပ်က လူနေအိမ်များကို မီးရှို့ကြောင်း သိရသည်။

CDF ဘက်က ပစ်ခတ်မှုမရှိသည့် ဒီဇင်ဘာ ၅ရက် မွန်းလွဲ ၃ နာရီခန့်တွင် လုံတဲရ်ရပ်ကွက်၊ ဘုရားကျောင်းရပ်ကွက်နှင့် ဈေးရပ်ကွက်တို့၌ စစ်တပ်က မီးရှို့၍ နေအိမ် ၃၈ လုံးလောင်ကျွမ်းခဲ့ကြောင်း၊ နောက်တစ်နေ့ ညနေ ၄ နာရီခန့်မှ မီးငြိမ်းသွားကြောင်း CJDC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အဲဒီနေ့က ပစ်ခတ်မှုလည်းမရှိဘူး၊ စစ်ကောင်စီဘက်ကနေ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့တာပါ” ဟု ၎င်းက ဆိုသည်။

ထန်တလန်မြို့တွင် စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီနှင့် CDF တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း လူနေအိမ် ၁၉ လုံး မီးရှို့ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း မီးငြှိမ်းသတ်ရန် လာရောက်သည့် ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီက ပစ်သတ်သည်ဟု CDF က ပြောထားသည်။

အဆိုပါ ဖြစ်စဉ်ပြီးနောက်တွင် ဒေသခံများ မြို့ကို စွန့်ခွာခဲ့ကြပြီး ယနေ့ (ဒီဇင်ဘာ ၉) အထိ စစ်တပ်လက်ချက်ဖြင့် လူနေအိမ်များအပြင် ခရစ်ယာန်ဘုရားကျောင်း ၅ ကျောင်း၊ အထက်တန်းကျောင်းခွဲတစ်ကျောင်း ဆုံးရှုံးခဲ့ရသည်ဟု CJDC စာရင်းက ဆိုသည်။

ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီ၏ တပ်မ ၁၁ လက်အောက်ခံတပ်များနှင့် ဟားခါးအခြေစိုက် ခြေလျင်တပ်ရင်း ၂၆၉ ၊ ၂၂၂ တို့လည်း ရှိနေပြီး မြို့ကို အပေါ်စီးမှ မြင်ရသည့် တောင်ကုန်းပေါ်တွင် တပ်စွဲထားသည်ဟု CDF က ပြောသည်။

ထန်တလန်မြို့တွင်း ကင်းလှည့်ချိန်တွင် CDF- ထန်တလန်က ကြားဖြတ်တိုက်ခိုက်လေ့ရှိရာ စစ်ကောင်စီက လက်စားချေသည့်သဘောဖြင့် မြို့ကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု CDF- ထန်တလန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ခန့်မှန်းသည်။

ထို့အတူ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပါက ပစ်ကွင်းရှင်းစေရန်နှင့် CDF တပ်ဖွဲ့ဝင်များ အကာအကွယ်မယူနိုင်စေရန် ‌နေအိမ်များကို မီးရှို့ခြင်းလည်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

အစဉ်အလာရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့်​​ ချင်းအမျိုးသားတပ်ဦး(CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း အထက်ပါခန့်မှန်းချက်အတိုင်းပင် Chin World မီဒီယာနှင့် ဒီဇင်ဘာ ၇ ရက် မေးမြန်းခန်းတွင် ဖြေကြားထားသည်။

CNF သည် စစ်တပ်နှင့် အပစ်ရပ်လက်မှတ်ထိုးထားသော်လည်း ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ထက်ထက်သန်သန် ဆန့်ကျင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

ထို့အပြင် ထန်တလန်မြို့မှာ CNF ဌာနချုပ်နှင့် အနီးဆုံးဖြစ်သည့်အတွက် ထိုမြို့မှတစ်ဆင့် အထောက်အကူမရစေရန် စစ်ကောင်စီက လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

၎င်းတို့တပ်ဖွဲ့အား ထန်တလန်မြို့မှ လူထုထောက်ကူမှုမရနိုင်ရန် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဆလိုင်းထက်နီက ဆိုသည်။

လက်တလောတွင် ထန်တလန်မြို့၌ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်ကို တိုက်ထုတ်ရန် ပြင်ဆင်မှုများလုပ်နေပြီး လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်ဟု CDF – ထန်တလန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျွန်တော်တို့ ဒီအတိုင်း လက်ပိုက်ကြည့်မနေပါဘူး၊ ဒီဟာက တော်‌တော်လေးအရေးကြီးတဲ့အတွက် နည်းဗျူဟာပိုင်းကိုလည်း ကြိုတင်ပြင်ဆင်မှုလုပ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ငြိမ်ချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်လာနေပြီး ချင်းပြည်နယ်သည် ခုခံတော်လှန်မှုများ အားကောင်းသည့် ဒေသများအတွင်း ပါဝင်သည်။

စစ်ကောင်စီကလည်း အောက်တိုဘာလအတွင်းတွင် ချင်းပြည်နယ်သို့ သံချပ်ကာယာဉ်များအပါအဝင် စစ်အင်အား အလုံးအရင်းပို့လွှတ်ကာ စစ်ဆင်ရေးလုပ်နေသည်။

ထန်တလန်မြို့ အကြိမ်အကြိမ် မီးရှို့ခံရမှုများ၊ တိုက်ပွဲများအတွင်း ထိခိုက်၊ ဒဏ်ရာရမှုများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

 

Related Articles

Back to top button